အခုတလောမှာ ၈၈မျိုးဆက်ကျောင်းသူတွေကို မြန်မာအာဏာပိုင်တွေက အညှိုးတ ကြီး လိုက်လံဖမ်းဆီးနေတာကြောင့် ဒီအမျိုးသမီးတွေရဲ့ အခက်အခဲတွေ သူတို့စိတ်ဓါတ် ခိုင်မာမှုတွေကိုဒီအပတ်အမျိုးသမီး အစီအစဉ်မှာ တင်ပြသွားဖို့ ရည်ရွယ်ထားပါတယ်။
၈၈ကျောင်းသူတွေဟာ ပြည်သူတွေရဲ့ နစ်နာချက်တွေ ပြည်သူတွေရဲ့ ဆင်းရဲကြပ် တည်းမှုတွေ လွတ်မြောက်ရေးအတွက် ကြိုးစားလှုပ်ရှားခဲ့ကြရာမှာ သူတို့ရဲ့ဘ၀တွေ၊ သူတို့ရဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးးခဲ့ရသလို၊ သူတို့ရဲ့မိသားစု ဘ၀တွေကိုပါ ပေးဆပ်ကြရပါတယ်။ ၈၈ကျောင်းသူ မနီလာသိန်းဆိုရင် အင်မတန် ချမ်းသာတဲ့မိသားစုက မွေးဖွားလာသူပါ။ နိုင်ငံ ရေးလုပ်တော့ ထောင်ကျခံရတယ်။ မိသားစုကစိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ခဲ့ရတယ်။ ဒီတော့ သမီးဖြစ်သူကို ထောင်ကထွက်အပြီး နိုင်ငံရေးကို ဆက်မလုပ်ဖို့ တားမြစ်ခဲ့ ပါတယ်။ ထောင်ကထွက်တော့ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားနဲ့ပဲ အိမ်ထောင်ကျခဲ့တယ်။ ၈၈စိတ် ဓါတ်နဲ့နိုင်ငံရေးကို ဆက်လုပ်ခဲ့တယ်။ မိဘက ကိုယ့်သားသမီး ထောင်ထပ်ကျမှာ စိုးလို့ တားမြစ်ခဲ့ပေမဲ့ လူထုအတွက်ဆိုတဲ့စိတ်၊ မတရားရင်မခံချင်တဲ့စိတ် ဟာသူမရဲ့မွေးရာပါ ဗီဇဖြစ်ခဲ့တာကြောင့် မိဘတွေဟာ သူမကို လက်လျော့ခဲ့ရပါတယ်။ နောက်ဆုံးမှာ သမီးဖြစ်သူ မနီလာသိန်းကို သမီးအဖြစ်ကနေ စွန့်လွှတ်လိုက်တဲ့ အထိသူမနဲ့ သူမရဲ့ မိသားစုကြားမှာ တင်းမာမှု ဖြစ်ခဲ့ရပါတယ်။ ဒီလိုမိဘက စွန့်လွှတ်ခံရတဲ့အထိ သူမဟာ သူယုံကြည်ရာကို ဆက် လုပ်ခဲ့ပါတယ်။ မိသားစုဝင်တွေရဲ့ စွန့်ပယ်ခြင်းကို ခံခဲ့ရတဲ့ သူမဟာ သူမမိသားစုကို အပြစ် မတင်ခဲ့ပါဘူး။
ခင်ပွန်းဖြစ်သူ အဖမ်းခံရတယ်။ နို့စို့အရွယ် သမီးငယ်ကိုရင်မှာ ပွေ့ပိုက်ရင်း မိမိလုပ်စရာ
ရှိတဲ့အလုပ်တွေကို ဆက်လုပ်ခဲ့တယ်။ သြဂုတ်၂၂ရက်နေ့မှာတော့ သမီးငယ်ကိုထားပြီးလူထု ဆန္ဒတွေကို ထုတ်ဖော်ဖို့ချီတက်မှုမှာ ဦးဆောင်ပါဝင်ခဲ့တယ်။ နို့ဆာနေတဲ့သမီးငယ်ကိုထားပြီး ထမင်းဆာနေတဲ့ လူထုတွေအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီတော့အာဏာပိုင်တွေရဲ့ လုပ်ရပ် ကို ကမ္ဘာကသိအောင် ထုတ်ဖော်ခဲ့တဲ့မနီလာသိန်း တို့လိုအမျိုးသမီးတွေဟာ အာဏာပိုင်တွေ ရဲ့ မျက်မုန်းကျိုးမှုကို ခံခဲ့ရတယ်။ ၂၂ ရက် နောက်ပိုင်းမှာ သမီးငယ်ကို ပွေ့ပြီးပြေးလွှားပုန်း အောင်းနေရတဲ့ အချိန်ကလေးသဘာဝ ငိုချင်လို့မငိုရ။ အိပ်ချိန်မအိပ်ရ နို့ဆာချိန်နို့မသောက်ရ နဲ့ ခြင်ကိုက်ခံနေရတဲ့ သမီးလေးကို ရင်နာစွာနဲ့ပဲ ခင်ပွန်းဖြစ်သူရဲ့ အမေထံမှာ အပ်နှံပြီး ကြုံရာကျရာနေရာမှာ ရှောင်ပုန်းအိပ်စက်နေရတဲ့ သူမရဲ့အဖြစ်ကလည်း ကြေကွဲစရာကောင်း ပါတယ်။ နို့တိုက်ချိန်ရောက်တော့ နို့ရည်တွေတင်းလာလို့ သမီးလေးကို သတိရလာတယ်။ နို့ရည်တွေကို မညှစ်ရက်ဖူး သမီးကိုသတိရလို့တဲ့။ ဒီတော့အဖျားတွေ တက်ပြီးဒုက္ခတွေကြုံ ရတာပေါ့။ သူမသာ မကပါဘူး။ နိုင်ငံရေးလုပ်နေတဲ့ အမျိုးသမီးတိုင်း တွေ့ကြုံခံစား နေရတဲ့ အခြေအနေ တွေကိုလည်း ပြောပြသွားပါတယ်။ လက်ရှိအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကြောင့် ပြေးရှောင်နေရတဲ့နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးတွေ အခြေအနေကို ဆက်လက်တင်ပြ သွားပါမယ်။
အေးမိဖြူ
Thursday, 21 February 2008
၂-၉-၀၇
၂၄-၈-၀၇
ပြီးခဲ့တဲ့အပတ်ကတင်ပြခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့အမျိုးသမီး တွေအကြောင်း ကိုဆက်လက်တင်ပြဖို့ရွေးချယ်ခဲ့ပေမဲ့ မကြာခင်ကမှ လောင်စာဆီတက်လို့ ဆန္ဒပြကြတဲ့ အမျိုးသမီးတွေအကြောင်းကဒီတပတ်မှာ သောတရှင်တွေပိုပြီးစိတ်ဝင်စားကြမယ် လို့ယူဆမိတာကြောင့် ဒီတပတ် အမျိုးသမီးအစီအစဉ်မှာ တင်ပြဖို့အတွက် ရွေးချယ်လိုက် ပါတယ်။
ဒီနေ့ကျမတို့တွေ ဘာကြောင့်အကြပ်အတည်း အခက်အခဲတွေရောက်နေရတာလဲကျမ တို့ပြည်သူလူထုကြီးကကြောက်နေလို့ အဲဒါကိုမကြောက်နဲ့ မကြောက်ရင်ကျမတို့ရဲ့ အခက် အခဲတွေအားလုံး လမ်းဖွင့်သွားလိမ့်မယ်။ ကျမတိုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောထားတယ်။ ဒီမိုကရေစီကိုလိုချင်ရင် ဒီမိုကရေစီရဲ့ အခြေခံကဘာလဲတဲ့။ မတရားတာကို လက်မခံကြပါနဲ့။ မမှန်တာကိုမလုပ်ပါနဲ့။ အဲဒါဒီမိုကရေစီဝါရဲ့ အခြေခံပါပဲ။ ဒါကြောင့်ပြည်သူ လူထုကြီးကို ကျမတို့ပြောချင်ပါတယ်။ ကိုယ်မျက်စီရှေ့မှာ မတရားတာလုပ်နေတာကို လုံးဝ လက်မခံပါနဲ့။ မမှန်တာကိုလုံးဝလက်မခံပါနဲ့ အင်အားကြီးသည်ဖြစ်စေ အင်အားငယ်သည် ဖြစ်စေ အမှန်အတိုင်းပဲ ရဲရဲရင့်ရင့်ဖြေရှင်းသွားပါလို့ ကျမပြောချင်ပါတယ်။ (လက်ခုပ်သံ) ဒီအ သံကို ကြားလိုက်ရတော့ ဖိနှိပ်မှုတွေပြင်းထန်နေတဲ့တိုင်းပြည် လူ့အခွင့်ရေးချိုးဖောက်တာ ခံနေရတဲ့နိုင်ငံက အမျိုးသမီးတွေ ဟုတ်ပါရဲ့လားလို့ ယုံချင်မှတောင်ယုံပါလိမ့်မယ်။
ကျမတော့လွန်ခဲ့တဲ့ ၁၉ နှစ်က ခံစားခဲ့ရတာတွေကို အသစ်တဖန်ပြန်ပြီး မွေးဖွားလာ စေသလိုခံစားရတယ်။ အဲဒီနေ့က ကျောင်းသားခေါင်းဆောင်တွေကို ညကတည်းက ဖမ်းပြီး သွားလို့ တမြို့လုံးငြိမ်သက်သွားမှာပဲလို့ အာဏာာပိုင်တွေကယူဆထားချိန်မှာ အင်အားကြီးတဲ့ အမျိုးသမီးအုပ်စုကြီး ထွက်လာခဲ့တယ်။ လောင်စာဆီတက်လို့ပြည်သူလူ ထုတရပ်လုံးခံစား နေရတဲ့ ဒုက္ခတွေအတွက် သတ်မှတ်ထားတဲ့ ၂၂ ရက်နေ့မှာ လောင်စာဆီဈေးချမပေးရင် ဆန္ဒပြမယ်လို့ ကြွေးကြော်ထားတဲ့ အမျိုးသားတယောက်တောင် ဘယ်ရောက်နေမှန်းမသိတဲ့ အချိန်မှာ နို့စို့ကလေးကိုထားပြီးဆန္ဒပြထွက်လာတဲ့မနီလာသိန်းဆိုတဲ့ ၈၈ ကျောင်းသူအမျိုး သမီးအပါအ၀င် အမျိုးသမီးအားလုံးကိုလေးစားမိကြောင်း ကျမအနေနဲ့ ဂုဏ်ပြုပြောပါရစေ။
အဲဒီနေ့က မနော်အုန်းလှဦးဆောင်တဲ့အုပ်စု၊ မဖြူဖြူသင်းဦးဆောင်တဲ့အုပ်စု၊ မမီးမီးဦး ဆောင်တဲ့အုပ်စု၊ ဒဂုံတက္ကသိုလ်ကကျောင်းသူတွေ၊ ဈေးသည်တွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသမီးတွေ၊ သာမန်ပြည်သူတွေဟာညီညွတ်စွာ သတ္တိရှိစွာနဲ့ တိုင်းပြည်ကလူ ထုအတွက်နစ်နာချက်တွေကို အရိုက်အနှက်ခံပြီး ဆန္ဒပြခဲ့ကြပါတယ်။
ပြည်သူရှေ့က မားမားမတ်မတ်ရပ်တည်ပြီးတော့ ကျမတို့နောက်ဆုံး ထောင်ထဲဝင် သွားသည်အထိ။ ကျမတို့အသက်သေသွားသည်အထိ ကျမတို့ပြည်သူတွေရဲ့ဆုံးရုံးနေတဲ့ အခွင့်အရေးတွေ မတရားခံနေရတာတွေကို ကျမတို့ပြည်သူရှေ့ကရပ်တည်ပြီးတော့ ငြိမ်းချမ်း စွာဆန္ဒပြသွားမှာ ဖြစ်ပါတယ်။ ဘယ်တော့မှ ကျမတို့နောက်မဆုတ်ပါဘူး ကျမတို့ကိုဘယ် လောက်ပဲဖိနှိပ်ပါစေ။ ဘယ်လောက်ပဲဖမ်းဆီးပါစေ။ ဘယ်လောက်ပဲရိုက်နှက်ပါစေ။ ဘယ်လို မျိုးဒုက္ခပေးပါစေ။ ကျမတို့သေသွားသည်အထိ ကျမတိုနိုင်ငံကျမတို့ လူမျိုးကောင်းစားဖို့ အတွက်ကျမတို့ဟာ လူထုရှေ့မှာ မားမားမတ်မတ် ရပ်ပြီးသွားပါမယ်။ ဒါက၈၈မျိုးဆက်ကျောင်း သူတွေရဲ့ ကတိစကားတွေပါ။ အမျိုးသမီးတွေဦးဆောင်လာတဲ့သြဂုတ် ၂၂ ရက်လှုပ်ရှားမှုကြီး ကို အာဏာပိုင်တွေက ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့အတွက် ခိုးဆိုးလုယက်သူတွေကို ကားတွေ နဲ့ ခေါ်ဆောင်လာပြီး အမျိုးသမီးတွေဆန္ဒပြနေတဲ့ အထဲအတင်းဝင်ခိုင်းပြီး ပိုက်ဆံအိတ်နှိုက် တာ၊ အလစ်သုတ်တာ ထိကပါးရိကပါးပြောတာ ကာယအိနြေ္ဒကိုထိပါး တာတွေကိုလုပ်ခိုင်း ခဲ့ပါတယ်။ လူစုကွဲသွားတဲ့ အမျိုးသမီးတွေကို ကားပေါ်အတင်းဆွဲတင်တာတွေ လုပ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အမျိုးသမီးတွေက သူတို့လှုပ်ရှားမှုကို ရပ်တန့်မသွားခဲ့ပါဘူး။ ဒီအမျိုးသမီး တွေရဲ့လှုပ်ရှားမှုကတော့ ကမ္ဘာကျော်သွားခဲ့ရပါတယ်။ နိုင်ငံတကာသတင်းစာမျက်နှာတွေမှာ အမျိုးသမီးတွေရဲ့ တက်ကြွလှုပ်ရှားမှုတွေ သတ္တိတွေကို အထင်အရှားတွေ့လိုက်ရတာမို့ အမျိုး သမီးရေးလှုပ်ရှားသူများအတွက် အတုယူစရာ မဟုတ်ပါလားရှင်။
အေးမိဖြူ
၁၈-၈-၀၇
ပြီးခဲ့တဲ့တပတ်ကျော်က ၁၉၃၆ ခုနှစ်ဒုတိယကျောင်းသား သပိတ်ကြီးမှာ အမျိုးသမီး တွေ ပါဝင်ခဲ့ပုံတွေကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ၁၃၀၀ ပြည့်ရေနံမြေအလုပ် သမား သပိတ်ကြီးမှာ အမျိုးသမီးတွေ ပါဝင်ခဲ့ပုံတွေကို တင်ပြသွားပါမယ်၊ ၁၃၀၀ ပြည့် အရေး တော်ပုံမှတ်တမ်း ဓါတ်ပုံတွေအတော် များများမှာ အမျိုးသမီးပုံတွေ အတော်များများ တွေ့ရတာ တွေရယ် ကျမတို့မသိရှိခဲ့တဲ့ သမိုင်းကြောင်းတွေကို အဲဒီခေတ်မှာမွေးဖွားကြီးပြင်း လာကြတဲ့
မျိုးဆက်တွေက ပြန်ရှင်းပြတော့မှ အမျိုးသမီးတွေရဲ့ သတ္တိရှိမှု ရဲရင့်မှုတွေကို အံ့သြဖွယ်ရာ ကြားခဲ့ရပါတယ်။
၁၃၀၀ ပြည့်ရေနံမြေ အရေးတော်ပုံဟာ မကွေးတိုင်း (ရေနံချောင်း၊ချောက်) မှာရှိတဲ့ ရေနံမြေအလုပ်သမား တွေက ရေနံလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားတဲ့ အရင်းရှင်ဘီအိုစီ ကုမ္ပဏီကို ဆန့်ကျင်ခဲ့ကြတာပါ။ ဒီအရေးတော်ပုံကြီးဟာ မြန်မာသမိုင်းမှာ ထင်ရှားတဲ့သမိုင်း မှတ်တိုင်တခုအဖြစ် ထင်ရှားပါတယ်။ မြန်မာသက္ကရာဇ်နဲ့ ပြောရင် ၁၃၀၀ ပြည့် အင်္ဂလိပ်ခုနှစ်နဲ့ ပြောရင် ၁၉၃၈ခုနှစ် ဇန်န၀ါရီလ ဂ ရက်နေ့ ကနေ သပိတ်ကြီး စတင်ခဲ့ပါတယ်။ ရေနံမြေ အလုပ်သမားတွေကို နလံမထူနိုင်အောင် ဖိနှိပ်ထားမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ချောက် မြို့ ကသခင်မဒေါ်ဆယ်၊ ချောက်မြို့ကင်ပွန်းခြုံရွာသူ မညို၊ မဂျမ်း၊ မမြင့်၊ မစု၊ မအေးခင်၊ မသန်း၊ မသန်းစိန်၊ မသန်းရင်၊ ဒေါ်သန်း စတဲ့ အမျိုးသမီးတွေက ဦးဆောင်ပြီး အလုပ်မဆင်းဖို့သပိတ် တားကြတော့ အမျိုးသားတွေ ကိုယ်တိုင် တက်တက်ကြွကြွ မပါဝင်လို့မရအောင် ဖြစ်ခဲ့ရပါ တယ်။ ဘီအိုစီအလုပ်ဖွင့်ချိန်က မနက် ၆ နာရီဆိုတော့ အမျိုးသမီးတွေဟာမိုးမလင်းခင် ထပြီး ၅ နာရီအရောက် သပိတ်တားကြပါတယ်။ ဒါကိုသိတော့ အရင်းရှင်အလိုတော်ရိတွေက အလုပ် ကို ၄ နာရီထလာပြီးလာ ဆင်းကြပါတယ်။ ဒီတော့ သူတိုထက်စောပြီး ၃ နာရီလာပြီး သပိတ် တားကြတာတွေ လုပ်လာရပါတယ်။ နောက်ဆုံး သပိတ်တားတဲ့ အမျိုးသမီးတွေက ညလုံး ပေါက်မအိပ်တော့ပဲ သပိတ်တားကြတော့ ဇွဲကောင်းသူတွေကို အားပေးတဲ့အနေနဲ့ နေ့ချင်းည ချင်း လမ်းရွာ၊ ရေနံကျပ်၊ ရေနံချောင်း၊ သံလျင်ရေနံချက်စက်ရုံ အထိ သပိတ်မီးပွား ပြန့်နှံ့ခဲ့ ပါတယ်။ အမျိုးသမီးတွေဟာ ရေနံချက်ဌာန၊ ရုံးကြီး၊ ဓါတ်ဆီချက်ဌာန စတဲ့ဌာန အသီးသီးမှာ လူစုခွဲပြီး သပိတ်တားကြပါတယ်။ ရေနံချောင်းဘီအိုစီ သပိတ်ကြီးမှာ လူအင်အား ၅၀၀ ကျော်နဲ့ သပိတ်တားကြရာမှာ အမျိုးသမီးတွေရဲ့အားဟာ မနည်းခဲ့တာတွေ့ရပါတယ်။
အဲဒီခေတ်မှာ ထင်ရှားခဲ့တဲ့ သပိတ်တား အမျိုးသမီးခေါင်းဆာင်ကြီး ဒေါ်အောင် အမှူး ပြုပြီး ဒေါ်ပု၊ ဒေါ်ပြန့်၊ ဒေါ်ကျော့ရင်၊ ဒေါ်သိန်းရင်၊ ဒေါ်ဖွားစိန်၊ ဒေါ်ညွန့်ညွန့်၊ ဒေါ်တင်ရွှေ၊ ဒေါ်ငယ်၊ ဒေါ်လေး၊ ဒေါ်မြင့်မြင့်၊ ဒေါ်အရွှေ၊ ဒေါ်နန်းစိန်၊ မမကြီး၊ မအေးလေး၊ မပွေး၊ မသိန်းနွဲ့၊ မအိုင်၊ မမိုး၊ မအေးမိ၊ မတင့်၊ မစောညွှန့်၊ မလုံးတင်၊ မအုံးခင်၊ မလှရင်၊ မမြတင် စတဲ့ အမျိုး သမီး တွေဦးဆောင်ပြီး သပိတ်တားကြပါတယ်။ သူတို့နာမည်တွေကို ကျမတို့ ဒီကနေ့မှာ ဘာကြောင့် ထုတ်ဖော်နေရသလဲ ဆိုတော့ နောင်မျိုးဆက် အမျိုးသမီးတွေကို သိစေချင်တာ ကြောင့်လဲပါတယ်။ သူတို့ကို ရှေးရိုးစွဲအမျိုးသမီးကြီးတွေ ဆိုပြီး အထင်မသေး စေချင်တာ လည်းပါပါတယ်။ သူတို့အတွက် ဂုဏ်ယူတတ်စေချင်တာလည်း ပါတယ်။ ဒီနေ့ခေတ်ကျ တော့ အမျိုးသမီးတွေကို ကြည့်ရတာတိုင်းပြည်ရဲ့ အခြေအနေကို လေ့လာမှုအားနည်း လာ တယ်။ တိုင်းပြည်ကို ဘာပေးဆပ်မလဲဆိုတာထက် တိုင်းပြည်ကသူတို့ကို ဘာလုပ်ပေးရမယ် ဆိုတာကိုပဲ တောင်းဆိုလာကြတာ များတယ်။ ကိုယ့်တိုင်းပြည် ပြည်သူတရပ်လုံးရဲ့ လူမှုဘ ၀တွေကို ဘယ်လိုပြောင်းလဲအောင် လုပ်မလဲဆိုတဲ့ အတွေးအခေါ်တွေထက် အမျိုးသမီးအခွင့် အရေး ဆိုတာတွေကိုပဲ စောင်းပေးပြောကြား လာတာတွေ့လာရတယ်။ ပြီးတော့ မြန်မာအမျိုး သမီးတွေဟာ ကိုလိုနီခေတ်ကတည်းက အတွေးအခေါ် တွေရှိကြတယ်။ အမျိုးသမီး အခွင့် အရေးဆိုတာ သိကြတယ်ဆိုတာကို လေ့လာမှုတွေ နည်းကြတယ်။ ဒီတော့ အခုခေတ်မှာပဲ နိုင်ငံရေးအရ နိုးကြားမှုတွေပဲ ရှိကြတယ်လို့ခံယူကြတော့ မိမိကိုယ်ကို ယုံကြည်မှုထက် အထင် ကြီးမှုတွေ ကဲလာတယ်လို့ ကျမအနေနဲ့ ယူဆမိလာတယ်။ ဒီတော့ဒီလို သမိုင်းတကွေ့မှာပါ ၀င်ခဲ့ကြတဲ့ အမျိုးသမီးတွေကိုလည်း မမေ့လျော့ဘူးဆိုတာ ပြသရင်းနဲ့နောက်တပတ်မှာလည်း ရေနံမြေသပိတ်ကာလက အမျိုးသမီးတွေအကြောင်း ဆက်လက်တင်ပြသွားပါမယ်ရှင်။
အေးမိဖြူ
၁၂-၈-၀၇
ဒီတပတ်မှာတော့ ၁၉၃၆ ခုနှစ်ကာလက ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ အမျိုး သမီးတွေရဲ့အကြောင်းတွေကို ခေတ္တရပ်နားပြီး မကြာခင်က ၁၉နှစ်တာကာလ ပြည့်သွားပြီ ဖြစ်တဲ့ ၈ လေးလုံးအရေးတော်ပုံကြီးမှာပါဝင်ခဲ့ကြတဲ့ကျောင်းသူတွေ အိမ်ရှင်မတွေရဲ့လှုပ်ရှား မှုတွေနဲ့ ၈ လေးလုံးကြီးကြောင့် ဒီနေ့ထိသောကဝေနေရတဲ့ မိခင်တွေအကြောင်းကို တင် ဆက်သွားမှာ ဖြစ်ပါတယ်၊
၈ လေးလုံးဆိုတဲ့မြန်မာနိုင်ငံသား ပြည်သူတရပ်လုံးပါဝင်တဲ့ အရေးတော်ပုံကြီး ဖြစ်လာ တာကတော့ မြန်မာ့စီးပွားရေးအကြပ်အတည်းတွေ၊ မြန်မာ့လူနေမှုဘ၀ ချွတ်ခြုံကျမှုတွေ၊ တ ပါတီအာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို လက်ဝါးကြီးအုပ်မှုတွေ၊ ပညာရေး ကျန်းမာရေး ကိစ္စ တွေကအစ အစိုးရက တာဝန်မဲ့မှုတွေ စတဲ့အကြောင်းအရာတွေနဲ့ လူထုအုံကြွမှု အရေးတော် ပုံကြီးဆိုတာ ဖြစ်လာခဲ့ပါတယ်၊
ဒီအရေးတော်ပုံကြီး ဖြစ်လာဖို့ စတင်ခဲ့ကြသူတွေကတော့ ကျောင်းသားကျောင်းသူ တွေပါ ၊ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုကို တော်လှန်ကြတော့ ကျောင်းသူတွေကလည်းအ ရေးတော်ပုံမှာပါဝင်ကြပါတယ်၊ တကယ်တော့ နိုင်ငံရေးမျိုးဆက်တွေကို မထွက်ပေါ်နိုင်အောင် ၁၉၆၂ ခုနှစ် နောက်ပိုင်းကစပြီး အညွန့်ချိုးခဲ့တဲ့ အာဏာရှင်တွေဟာ ၁၉၈၈ ခုနှစ်မှာ ဒီလို အုံကြွမှုကြီးဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး၊ စနစ်တကျ မျိုးဆက်ဖြတ်တောက်မှုကြီး ကို လုပ်ထားပြီးတာကြောင့် သူတို့ကိုယ်သူတို့ ယုံကြည်နေကြတယ်လေ၊
တတိုင်းပြည်လုံး ဆန္ဒပြမှုဖြစ်လာရတဲ့ အချိန်မရောက်ခင်မှာ ကျောင်းသူကျောင်းသား တွေကစတင် ဆန္ဒပြခဲ့ကြပါတယ်၊ စစ်တပ်က ဆန္ဒပြသူတွေကို နှိမ်နင်းတော့ ၈ တန်းကျောင်း သူလေးမ၀င်းမော်ဦးဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ရပါတယ်၊ ကျောင်းသူကျောင်းသား အ တော်များများသေဆုံးမှု ဖြစ်ခဲ့တဲ့အထဲမှာ မ၀င်းမော်ဦးကတော့ ကမ္ဘာကျော်ဖြစ်ခဲ့ရပါတယ်၊ သွေးစွန်းနေတဲ့အဖြူနဲ့ အစိမ်းဝတ်ကျောင်းသူလေးရဲ့ ရုပ်ပုံလွှာဟာ မြန်မာပြည်သူတရပ်လုံးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်၊ ဒီနေထိမမေ့နိုင်ကြပါဘူး၊ သူမရဲ့သွေးစွန်းနေတဲ့ ရုပ်ပုံလေးဟာ အရေး တော်ပုံကြီးမှာ ပူးပေါင်းပါဝင်လာအောင် စေ့ဆော်ပေးမှုတခု ဖြစ်ခဲ့ပါတယ်၊
ဒါ့အပြင်လူထုတရပ်လုံးက အရေးတော်ပုံကြီးမှာ ပါဝင်လာအောင် အရှိန်မြှင့်လာတဲ့ဖြစ် ရပ်တခုကတော့ လုံထိန်းတွေက ဆန္ဒပြကျောင်းသူတွေကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ကိစ္စပါပဲ၊ ဒီဖြစ်ရပ်ကြောင့် ပြည်သူတရပ်လုံးရဲ့ သွေးတွေဆူပွက် ခဲ့ရပါတယ်၊ အာဏာရှင်ကိုတော်လှန်ဖို့ အတွက်တာဝန်ရှိပြီလို့ ခံစားလာစေခဲ့ပါတယ်၊
ကျောင်းသူလေးတွေ အခုလိုဖြစ်ရပ်မျိုးတွေ ကြုံတွေ့လာရတာတောင် နောက်မဆုတ်ပဲ ချီတက်နေမှုကို မလိုက်ပါလို့ မရတော့ဘူးဆိုတာကို ဘ၀နဲ့ရင်းပြီး ပြသနေပြီ မဟုတ်ပါလား၊ ဒါကတော့ ကျောင်းသူလေးတွေရဲ့အခန်းကဏ္ဍပါ၊ ဒီလို သွေးနဲ့ရင်းခဲ့ရတဲ့ အရေးတော်ပုံကြီးမှာ တတိုင်းပြည်လုံး ပါဝင်လာကြတော့ အိမ်ရှင်မတွေကလည်း ပါဝင်လာကြပါတယ်၊ မီးဖိုချောင် ရဲ့တာဝန်ကို ပုခုံးထမ်းနေရတဲ့ အမျိုးသမီးတွေဟာ စားဝတ်နေရေး စစ်မျက်နှာပြင်ကြီးမှာ နေ့စဉ် တိုက်ပွဲဝင်နေရပါတယ်၊ ကုန်ဈေးနှုံးကြီးမြင့်မှုဒဏ်ကို အလူးအလဲ တွန်းလှန်နေရတဲ့ အချိန်မှာ အရေးတော်ပုံကြီး ပေါ်ပေါက်လာတာကြောင့် သူတို့ကလည်း ဆန္ဒတွေထုတ်ဖော် ခွင့်ရသွားခဲ့ပါတယ်၊ ဒါကတော့ အိမ်ရှင်မတွေရဲ့လှုပ်ရှားမှုတွေပါ၊
ဒီထဲမှာ အရေးကြီးဆုံး ဖြစ်တဲ့ မိခင်တွေရဲ့ အခန်းကဏ္ဍတွေ ကိုလည်း တင်ပြလိုပါ တယ်၊ ၁၉၈၈ ခုနှစ်လွန်ခဲ့တဲ့ ၁၉နှစ်တာကာလ သြဂုတ်လရဲ့ ၇ ရက်နေ့၊ ဂ ရက်နေ့တွေမှာဆန္ဒ ပြသူတွေကိုနှိမ်နင်းတော့ ကျောင်းသားကျောင်းသူတွေကို အချုပ်ကားကြီးတွေထဲကို ထည့်ချိန် လူတွေကိုသက်မဲ့ ပစ္စည်းတွေလို ထိုးသိပ်ထည့်တော့ မွန်းကြပ်ပြီး အသက်ရှူရပ်သွားရသူတွေ ရှိပါတယ်၊ အာဏာပိုင်တွေက ဒီလူတွေရဲ့အလောင်းတွေကို ဖျောက်ဖျက်ချင်တော့ မီးရှို့ခဲ့ကြ ပါတယ်၊ အသက်မသေပဲ မီးသဂြိုလ်ခံရသူတွေကတော့ ကျောင်းသူကျောင်းသားတွေပဲဖြစ်ကြ ပါတယ်၊ အဲဒီအချိန်က မိမိသားသမီး ဘယ်ဆီရောက်မှန်းမသိ သေသလားရှင်သလားမ သိသောက ဖြစ်နေကြသူတွေကတော့ သားပျောက်မိခင်တွေပါပဲ၊ ၁၉ နှစ်တာကြာခဲ့ပေမဲ့လည်း
မိခင်တွေရဲ့ အပူမီးတွေကတော့ မငြိမ်းနိုင်သေးပါဘူး၊ တချို့သားသမီးတွေကတော့ လက်နက် ကိုင်နယ်မြေကို ထွက်ခွါသွားကြပြီး မိခင်တွေနဲ့ အဆက်အသွယ်ပြတ်သွား သူတွေလည်း ရှိပါတယ်၊ တချို့ကတော့ အကျဉ်းထာင်ထဲမှာ ဘ၀ဆုံးသူတွေလည်း ရှိကြပါတယ်၊ တချိုက တော့ လက်နက်ကိုင်နယ်မြေတွေမှာ တိုက်ပွဲကျသူတွေ၊ ကိုယ်လက်အင်္ဂါချို့ယွင်းသွားကြသူ တွေရှိကြပါတယ်၊
သူတို့အားလုံးရဲ့ မိခင်တွေကတော့ သားသမီးတွေရဲ့ အပြန်လမ်းကိုစောင့်နေခဲ့တာ ၁၉ နှစ်တောင်ရှိခဲ့ပြီလေ၊ ၈ လေးလုံးကြီးကို သူတို့အားလုံး မမေ့နိုင်ကြပါဘူး၊
ကျမတို့လည်း မမေ့ကြသေးပါဘူး၊ ဒီတော့ ၈ လေးလုံးမှာပါဝင်ခဲ့ကြတဲ့သူငယ်ချင်းတွေ
ကိုပြန်လည်အောက်မေ့ရင်း ကျမတိုရဲ့ မိခင်တွေနဲ့ ပြန်လည်ဆုံစည်းနိုင်မဲ့နေ့တွေ အတွက် ရုန်းကန်တိုက်ပွဲဝင်နေကြရအုန်းမယ် မဟုတ်ပါလား။
အေးမိဖြူ
၂-၈-၀၇
အရင်တပတ်ကတော့ ၁၉၃၆ခုနှစ် ကျောင်းသားသပိတ်မှာပါတဲ့ အမျိုးသမီးကျောင်း သူတွေရဲ့ လှုပ်ရှားမှုတစိတ်တပိုင်းကိုတင်ပြခဲ့ပြီးဖြစ်ပါတယ၊်ဒီတပတ်မှာတော့အမျိုးသမီးတွေဟာသူတို့ရဲ့ တက္ကသိုလ်သပိတ်ကြီးမှာ ဘယ်လိုများပါဝင်ကြသလဲဆိုတာ တင်ပြသွားမှာဖြစ်
ပါတယ်၊
၁၉၃၆ခုနှစ်ကျောင်းသားသပိတ်မှာအမျိုးသမီးတွေဟာ မြို့တွင်းကို လှည့်လည်ကြွေး
ကျော်ပြီးရွှေတိဂုံဘုရားရင်ပြင်တော်ကိုချီတက်ကြပါတယ်၊ ရွှေတိဂုံဘုရားကိုရောက်တဲ့ အခါမှာ သပိတ်မှောက် ကျောင်းသားကျောင်းသူတွေထဲက တရားဟောတော့ အမျိုးသမီးတွေထဲကမ အမာနဲ့ မမကြီးတို့ကပါဝင်ဟောပြောကြပါတယ်၊ အမျိုးသမီးတွေ ကိုယ်တိုင်ဟောပြော ကြ တော့ ပြည်သူတွေကထောက်ခံလိုက်တာမှ အုံးအုံးကြွက်ကြွက်ပါပဲ၊ အဲဒီခေတ်ကအမျိုးသမီး တွေ ဆိုတာနိုင်ငံရေးတို့ ဘာတို့ မှာပါရင် အတော်ရဲတင်းတယ်၊လို့ထင်မြင်ကြသူတွေရှိသလို အတော်ကိုသတ္တိရှိတယ်လို့ ပြောကြသူတွေလည်းရှိပါတယ်၊မိဘတွေဆိုတာကတော့သားပဲဖြစ် ဖြစ် သမီးပဲဖြစ်ဖြစ် ထောင်နုတ်ခမ်းဝမှာ လမ်းလျှောက်တဲ့ အလုပ်ကိုဘယ်သူကမှမလုပ်စေချင် ဘူးမဟုတ်လား၊ ဒီတော့ဒီလိုသပိတ်မှာပါတယ်ဆိုရင် သတင်းကြားကြားချင်းရန်ကုန်ကို ဆင်း လာသူကဆင်းလာ သားသမီးကိုပြန်ခေါ်သူကပြန်ခေါ်နဲ့ တားကြတာပေါ့ ဒါပေမဲ့လည်း မျိုးချစ် စိတ်ဓါတ်ရှိတဲ့ ဇွဲမလျှော့တဲ့ကျောင်းသားကျောင်းသူတွေကိုတော့ ဘယ်လိုလူမျိုးကမှ တားမရ နိုင်ခဲ့ပါဘူး၊ သပိတ်မှောက်တဲ့ညက ကျောင်းသူကျောင်းသားအားလုံး ညစာမစား ကြရပါ ဘူး၊ အမျိုးသမီးတွေအတွက်သပိတ်စခန်းလုပ်တဲ့နေရာကတော့ မော်လမြိုင်ဇရပ်ဖြစ်ပြီးစောင်၊ ခြင် ထောင်၊ ခေါင်းအုံးမပါပဲ ရင်ပြင်တော်မှာရှိတဲ့ ဇရပ်တန်ဆောင်းမှာ အိပ်စက်ကြရတဲ့ ပထမဦးဆုံး အတွေ့အကြုံကတော့ ကျောင်းသူတွေဘ၀မှာမမေ့နိုင်ကြဘူးလိုဆိုပါတယ်၊သပိတ်မှောက်ပြီး နောက်တနေ့ သပိတ်မှောက်ကျောင်းသူတွေဟာအင်းဝကျောင်းဆောင်ရှေ့၊အင်းယားကျောင်း ဆောင်နောက်တံခါး၊ဂျပ်ဆင်ကော်လိပ်ရှေ့တွေမှာသပိတ်တားကြပါတယ်၊သပိတ်မှောက်ရာမှာ မပါဝင်၊ကျောင်းကိုပဲတက်ချင်နေတဲ့ကျောင်းသားကျောင်းသူတွေကိုစည်းရုံးလှုပ်ဆော်တဲ့အနေနဲ့ ကျောင်းသူတွေက မြေကြီးပေါ်မှာလှဲအိပ်ပြီးသပိတ်တားကြပါတယ် ၊သပိတ်မှောက်သူတွေရဲ့ ဇွဲလုံ့လတွေကြောင့် ကျောင်းတက်ဖို့သာစိတ်သန်သူတွေ နောက်ဆုတ်သွားခဲ့ရသလို တနိုင်ငံ လုံးကို ဒီသတင်းပြန့်နှံ့သွားတာကြောင့်တက္ကသိုလ်သာမက အထက်တန်းကျောင်းတွေပါ ပါဝင် လာကြပါတယ်၊ ရန်ကုန်တက္ကသိုလ်သပိတ်မှောက် စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းတော့ ဒီဒုတ်
ဦးဘချို ဒေါက်တာကျော်ငြိမ်းတို့နဲ့ အတူ မော်လမြိုင်ကဒေါ်နှင်းမြက ခေါင်းဆောင်ခဲ့ပါတယ်၊ သပိတ်မှောက်ကျောင်းသားကျောင်သူတွေဟာ ယူနီဗာစတီအက်ဥပဒေကိုပြင်ဖို့၊ အိုဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းကိုကျောင်းထုတ်တဲ့ကိစ္စ ပယ်ဖျက်ခိုင်းခဲ့တယ်စာမေးပွဲဖြေခွင့် ပေးဖို့ တောင်းဆိုခဲ့ပါတယ်၊သပိတ်မှောက်သူတွေဟာ အမျိုးသားကျောင်းတွေတည်ထောင်ဖို့ အတွက် ၁၉၃၈ခုနှစ် မေလ၂၈ရက်မှာ ရွှေတိဂုံဘုရားမှာ စုဝေးကြပါတယ်၊ ဒီအစည်းအဝေးမှာလည်း ဒေါ်မမကြီး၊ ဒေါ်သက်စု၊ဒေါ်ခင်ခင်ကြီး၊ဒေါ်အံ့စတဲ့အမျိုးသမီးကြီးတွေပါဝင်ကြပါတယ်၊ရက်တွေ ကြာလာတာနဲ့အမျှ အမျိုးသမီးကျောင်းသူတွေအတွက်နေရေးထိုင်ရေးအခက်အခဲကြုံရမှာကို စိုးရိမ်ပြီး ကျောင်းသားခေါင်းဆောင်တွေက အိမ်ပြန်ဖို့တိုက်တွန်းကြပေမဲ့လည်း နယ်ချဲ့အစိုးရ ကို သပိတ်မှောက်ရင်း တိုက်ပွဲဝင်မယ်အမျိုးသမီးတွေဖြစ်လို့ စိတ်ပူစရာမလိုဘူး၊ ညီအကို မောင်နှမတွေနဲ့အတူ တသွေးတသားထဲရုန်းကန်တိုက်ပွဲဝင်မယ်၊ ပြန်ခိုင်းဖို့မကြိုးစားပါနဲ့ဆိုတဲ့ စကားတွေပြောကြားခဲ့တဲ့ ဒုတိယကျောင်းသားသပိတ်မှာပါဝင်ခဲ့တဲ့ကျောင်းသူတွေရဲ့ကားတွေ ဟာ နောင်မျိုးဆက် အမျိုးသမီးတွေအတွက် စိတ်ဓါတ်အားအင်အမွေတွေလိုပဲပြောရ တော့မှာ ပဲရှင်။
အေးမိဖြူ
Sunday, 17 February 2008
(၁၄-၇-၀၇)
အရင်တပတ်ကတော့ ကိုလိုနီခေတ်ကာလ မြန်မာ့နိုင်ငံရေး ဆွေးနွေးကြတဲ့ လန်ဒန်က ဆွေးနွေးပွဲကို အမျိုးသမီးတွေတက်ရောက်ခွင့် ရပြီးတဲ့နောက်မြန်မာနိုင်ငံအတွက်ဗြိတိသျှတို့ ပေးမယ့် အုပ်ချုပ်ရေးမှာ အမျိုးသမီးနဲ့ပတ်သက်တဲ့ အက်ဥပဒေတွေတိကျစွာပြဌာန်းပေးဖို့ တောင်း ဆိုခဲ့ပုံကိုတင်ပြခဲ့ပြီးဖြစ်ပါတယ်။ အခုတပတ်မှာတော့ လန်ဒန်မှာပဲပြုလုပ်တဲ့ ဒုတိယ အကြိမ်ဆွေးနွေးပွဲကြီးအပြီး ၉၁ ဌာနအုပ်ချုပ်ရေးကာလမှာရွေးကောက်ပွဲလုပ်ခဲ့ပုံ၊ ဒီရွေး ကောက်ပွဲမှာ အမျိုးသမီးအမတ်လောင်း ၉ ဦးရွေးချယ်ခံရပုံတွေကို တင်ြပသွားမှဖြစ်ပါတယ် ရှင်။
လန်ဒန်မှာကျင်းပတဲ့ ပထမဆုံးအကြိမ် မျက်နှာစုံညီ ဆွေးနွေးပွဲကြီးအပြီးမှာတော့ မြန်မာနိုင်ငံမှာ ခွဲရေးတွဲရေးကိစ္စဟာ အငြင်းပွားစရာ ကိစ္စတခုဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာ တော့ ဗြိတိသျှအစိုးရက ခွဲရေးအစီအစဉ်ကို အတိအလင်းကြေငြာလိုက်ပါတယ်။ မြန်မာနိုင်ငံ ကိုအိန္ဒိယနဲ့ခွဲခြားပြီးတဲ့နောက် ဘယ်လိုအုပ်ချုပ်ရေးမျိုး ပေးသင့်သလဲဆိုတဲ့ ဒုတိယအကြိမ် မျက်နှာ စုံညီဆွေးနွေးပွဲကြီးတခုကိုထပ်မံကျင်းပပြန်ပါတယ်။ ဒီတကြိမ်မှာတော့အမျိုးသမီး ကိုယ်စားလှယ်အဖြစ် ဒေါက်တာဒေါ်စောဆ ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်ကဘိလပ်မျက်နှာ စုံညီ ဆွေးနွေးပွဲကို တက်ရောက်ခွင့်ရသူ အမျိုးသမီးတွေဆိုတာ ခပ်ညံညံတွေ မဟုတ်ကြပါဘူး။ မိမိ ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ ပြောရဲဆိုရဲရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာနိုင်ငံရေး နဲ့လည်းမကင်းကွာကြပါဘူး။နိုင်ငံရဲ့ မျက်မှောက်လိုအပ်ချက်တွေကိုလည် သိရှိနားလည်ကြပါ တယ်။
ဒုတိယအကြိမ် မျက်နှာစုံညီဆွေးနွေးပွဲကြီး ပြီးသွားတဲ့အခါ ၁၉၃၅ခုနှစ်မှာတော့ မြန်မာ ပြည်အုပ်ချုပ်ရေးအက်ဥပဒေကိုပြဌာန်းပြီးသီးခြားထူထောင်ဖို့ပြင်ဆင်ကြပါတယ်။ ၁၉၃၆ ခုနှစ် မှာတော့ ရွေးကောက်ပွဲကျင်းပပြီး ၁၉၃၇ခုနှစ်ဧပြီလ ၁ ရက်နေ့ကစပြီး သီးခြားကိုယ်ပိုင်အုပ် ချုပ်ခွင့်ရနိုင်ငံ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးရရန်တောင်း ဆို တိုက်ပွဲဝင်ခဲ့တဲ့ အမျိုးသမီးတွေဟာ အထက်လွှတ်တော်အောက်လွှတ်တော် ၂ ရပ်မှာ လည်း အမျိုးသမီးတွေပါဝင်နိုင်ဖို့ကြိုးစားလာခဲ့ကြပါတယ်။လွှတ်တော် ၂ ရပ်ပေါင်းရင် အမတ် ၁၃၂ ဦးကိုရွေးချယ်ရမှာဖြစ်ပြီး ဌာနအားဖြင့်ဘုရင်ခံရဲ့လက်အောက်မှာ ၇ဌာန၊ လူထုလက်မှာ ၉၁ဌာန ထားရမဲ့အခြအနေ ဖြစ်လာပါတယ်။၉၁ဌာန အုပ်ချုပ်ရေးအတွက်ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါမဲပေးနိုင်သူနှစ်သန်းခုနှစ်သောင်းငါးထောင်ရှိတဲ့အနက်၆သိန်းလောက်ဟာအမျိုး သမီးတွေ ဖြစ်ကြပါတယ်။
မဲပေးနိုင်တဲ့သူ အမျိုးသမီးများထဲကနေ မဲရွေးခံရသူ အမျိုးသမီး အမတ်လောင်း၉ဦး ထွက်ပေါ်လာခဲ့ပါတယ်။ ကိုလိုနီခေတ်က အမျိုးသမီးအမတ်တွေ ဒီလောက် ထွက်ပေါ်လာနိုင် တာအံ့သြစရာပါ။နောင်နှစ်၅၀ကျော်ကြာလာတဲ့အခါအာဏာရှင်ခေတ်မှာလုပ်တဲ့ရွေး ကောက်ပွဲ ကြီးမှာ တော့အမျိုးသမီးအမတ်တွေ ၁၀ ယောက်ကျော်ပဲထွက်လာနိုင်ခဲ့ပါတယ်။ အာဏာရှင် တွေ ဖိနှိပ်မှုတွေကြားက ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲကြီးမှာတော့ ကရင်ပြည်နယ် ဘားအံမဲ ဆန္နနယ် အမှတ်(၂)က ဒေါ်နန်းခင်ထွေးမြင့်၊ စစ်ကိုင်းတိုင်းဝက်လက်မြို့နယ် မဲဆန္နနယ် အမှတ်(၁)က ဒေါ်ခင်စန်းလှိုင်၊ ပဲခူတိုင်းမင်းလှမြို့နယ်မဲဆန္နနယ်အမှတ်(၂)က ဒေါ်လှလှမိုး၊ မန္တလေးတိုင်းမိုးကုတ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)ကဒေါ်မေနှင်းကြည်၊ မြစ်သားမြို့နယ်မဲဆန္န နယ်အမှတ်(၁)က ဒေါ်အုန်းကြည်၊မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ဒေါ်ခင်ဌေးကြွယ်၊ ရန်ကုန်တိုင်းဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်က ဒေါ်စန်းစန်း၊ တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ကဒေါ်ရွှေကူမေနှင်း။မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ကဒေါ်မေ ၀င်းမြင့်၊ ရန်ကင်းမြို့နယ်က ဒေါ်ခင်အေးမြင့်၊ အလုံမြို့နယ်မဲဆန္ဒနယ်ကဒေါ်စန်းစန်းဝင်း၊ ရှမ်းပြည်နယ်နမ္မတူမြို့နယ်မဲဆန္ဒနယ်ကဒေါ်မေဖြိုး၊စတဲ့အမျိုးသမီးတွေထွက်ပေါ်လာခဲ့ပါတယ်။
ကိုလိုနီခေတ်ကအမျိုးသမီးအမတ်တွေကတော့ မန္တလေးမြောက်ပိုင်းကဒေါ်စီ၊ ရွှေဘို အနောက် ပိုင်းကဒေါ်ခင်အေး၊ သာယာဝတီအလယ်ပိုင်းကဒေါ်မြမြ၊ ရမည်းသင်းမြောက်ပိုင်းကဒေါ်မြရှင်၊ မော်လမြိုင်မြောက်ပိုင်း ကဒေါ်နှင်းမြ၊ရန်ကုန်ကြည့်မြင်တိုင်ကဒေါ်မိကြီး၊ မြောင်းမြအရှေ့ပိုင်းက ဒေါ်စိန်ဖြူ၊ရန်ကုန်တက္ကသိုလ်ကဒေါ်ခင်ခင်ကြီးနဲ့စစ်ကိုင်းအရှေ့ပိုင်းကဒေါ်အမာ တို့ပဲဖြစ်ကြပါ တယ်။ဒီအမျိုးသမီးတွေကိုပြည်သူတွေက ဘာကြောင့်ရွေးချယ်ခဲ့ကြသလဲ။ ဒီအမျိုးသမီးတွေရဲ့
တဦးချင်းစီမှာဘယ်လို အရည်အချင်းတွေရှိကြသလဲဆိုတာကိုတော့ နောက်တပတ်မှာဆက် လက်တင်ပြသွားပါမယ်ရှင်။
အေးမိဖြူ
ကိုလိုနီခေတ်က လူထုဒေါ်အမာ
၂၁-၇-၀၇
အရင်တပတ်ကတော့ ဗြိတိသျှကိုလိုနီခေတ်မှာ လုပ်တဲ့ ၉၁ ဌာန အုပ်ချုပ်ရေးအတွက် ရွေးကောက်ပွဲမှာ အမျိုးသမီးအမတ်လာင်း ၉ ဦးရွေးချယ်ခံရပုံကိုတင်ပြခဲ့ပြီးဖြစ်ပါတယ်။
ဒီအပတ်မှာတော့ ဒီအမျိုးသမီးတွေမှာ ဘယ်လိုအရည်အချင်းတွေရှိတဲ့ အတွက်ပြည်သူတွေက ရွေးချယ် ခဲ့သလဲဆိုတာ တင်ပြသွားပါမယ်။ ဒီအမျိုးသမီး ၉ ဦးထဲကစစ်ကိုင်းက ဒေါ်အမာဟာ အမျိုးသား ၇ ဦးနဲ့ ယှဉ်ပြိုင် ပြီးရွေးချယ်ခံရသူပါ။ အဲဒီအချိန်က စစ်ကိုင်းမှာမဲပေးနိုင်သူ နှစ်သောင်းတထောင်ကျော်ရှိခဲ့ရာမှာ ဒေါ်အမာက ၉၉၇၉ မဲနဲ့အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်က နာမည်ရနေတဲ့ အမျိုးသားတွေဖြစ်တဲ့ ဦးကိုကြီး၊ ဦးစိန်ညွန့် ၊ ဦးဖေတင်၊ ဦးဘသိန်း၊ ဦးလှမောင်၊ ဦးလူဖေ၊ ဦးဝင်းတို့နဲ့ ဒေါ်အမာဟာ ယှဉ်ပြိုင်ရတာပါ။
ဒေါ်အမာဆိုတဲ့ အမျိုးသမီးရဲ့အားသာချက်တွေက အဟောအပြောကောင်းတယ်၊ ပြည်သူကြားကိုကိုယ် တိုင်သွားပြီး တရားဟောတယ်၊ စကားပြောတယ်၊ ဒီရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကိုယ်စားလှယ်တွေထားပြီး အခန့် သားနေပြီး မဲဆွယ်ခဲ့တာ မဟုတ်ပါဘူး။ စစ်ကိုင်း တိုင်းအတွင်းက ကန်ကြီးကုန်း၊ တန်တား၊ စကားအင်း၊ ညောင် ပင်ဝန်း၊ ရွာသစ်ကြီး၊ အုန်းတော၊ ဆားတောင်၊ ပဲကတိုး၊ ခက်ခ စတဲ့အရပ်တွေကို ကိုယ်တိုင်သွားပြီး ပြည်သူ တွေကို ဆွေးနွေးပြတယ်။ တိုင်းပြည်အခြေအနေတွေကို ရှင်းပြတယ်။ လူထုတွေရဲ့ အရေးကိစ္စတွေကို ဘယ် လောက်ထိ စဉ်းစားထားတယ်ဆိုတာတွေကို ရှင်းပြပါတယ်။ ဟောပြောပါတယ်။ ဒီတော့ ဒေါ်အမာဟာ ပြိုင်ဖက် အမျိုးသားတွေကို မဲအပြတ်အသတ်နဲ့ အနိုင်ရလာတာပေါ့။
တခြားအမျိုးသမီးတွေကလည်း ဒေါ်အမာလိုပဲ နိုင်ငံရေးအရည်အချင်း မနိမ့်ကြောင်း သူတို့နည်းသူတို့ ဟန် နဲ့ ပြသနိုင်ခဲ့ပါတယ်။ ဒီတော့ ၉၁ ဌာန အုပ်ချုပ်ရေးခေတ်မှာ ဒေါ်အမာဟာ ပထမဆုံး အမျိုးသမီးအမတ် ဖြစ်လာပါတယ်။
ဒုတိယအမျိုးသမီး အမတ်ကတော့ ဒေါ်မမခင်ဖြစ်ပါတယ်။ ဒေါက်တာဘမော်အမတ် အဖြစ်ကနုတ်ထွက် တဲ့အခါ ရမည်းသင်းတောင်ပိုင်းခရိုင်မှာ အမတ်နေရာအတွက် ၇ဦးနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ဒေါ်မမခင်က အနိုင် ရပါတယ်။ ဒေါ်မမခင်ကလည်း ဒေါ်အမာလိုပဲ လူထုကို ကိုယ်တိုင်ထိတွေ့ စည်းရုံးခဲ့သူ ဖြစ်ပါတယ်။
ဒေါ်မမခင်ဟာရွာပေါင်း ၁၀၀ ကျော်ကိုသွားပြီး လူထုဘ၀တွေကို လေ့လာခဲ့ပါတယ်။ အမျိုးသမီးအမတ် ဖြစ်လာတဲ့အခါမှာ လွှတ်တော်မှာ ဆန်အရောင်းအ၀ယ် ကြီးကြပ်မှု ဥပဒေ ကြမ်းကို တင်သွင်းခဲ့ပါတယ်။
အဲဒီအချိန်က စတီးဘရားသားလို့ခေါ်တဲ့ နိုင်ငံခြားကုမ္ပဏီကြီးများက မြန်မာဆန်ရောင်း ၀ယ်မှုကို လက် ၀ါးကြီးအုပ်နေချိန် တနှစ်တနှစ်ကိုအမြတ်ငွေ များစွာရနေချိန် ဒီဥပဒေကို တင် သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ သူမဟာ မြန်မာလယ်သမားတွေ မတရားလက်ဝါးကြီး အုပ်ခံနေရချိန် မှာသက်သာရာရစေဖို့ ရည်ရွယ်ချက်နဲ့ တင်သွင်း ခဲ့တာဖြစ်ပါတယ်။ စစ်ပြီးခေတ်မှာတော့ ဒီဥပဒေဟာများစွာ အထောက်အကူဖြစ်ခဲ့ပါတယ်။ ဒီတော့ ကိုလိုနီခေတ် က အမျိုးသမီးအမတ်တွေဟာ အရည်အချင်းကိုယ်စီရှိကြသလို လူထုဘ၀တွေကိုလေ့လာပြီးမှ လူထုတွေရဲ့လို အပ်ချက်တွေကို တောင်းဆိုတင်ပြကြတာ ဖြစ်ပါတယ်။ ဒီလိုအရည်အချင်းတွေ ရှိကြတဲ့အတွက် လည်းပြည်သူ တွေက ရွေးချယ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပြည်သူ့ဆန္ဒကို တောင်းခံတဲ့အခါမှာ ပြည်သူတွေဟာ သူတို့အတွက် ဘယ်သူတွေ က ဘယ်လောက်ထိ အလေးထားစဉ်းစားသလဲဆိုတာကြည့်ပြီးမှ မဲဆန္ဒကိုပေးခဲ့ကြတာပါ။ ဘာပဲဖြစ်ဖြစ်ကိုလိုနီခေတ်မှာတောင်ကျမတို့ မြန်မာအမျိုးသမီးတွေဟာ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ချရတဲ့ အဆင့်နေရာတွေမှာ ပါဝင်ခွင့်ရခဲ့ပြီး မိမိအယူ အဆကို ပြတ်ပြတ်သားသား တင်ပြရဲ သူတွေအဖြစ် အမည်တွင်ကျန်ရစ်ခဲ့ပါတယ်။
အေးမိဖြူ
(၁၄.၆.၀၇)
မြန်မာနိုင်ငံကိုလိုနီဘ၀ ကျရောက်စဉ်ကာလက အိန္ဒိယနဲ့မြန်မာနိုင်ငံကို ခွဲခြားအုပ်ချုပ် ဖို့အတွက် နယ်ချဲ့တွေက လုပ်ဆောင်နေချိန်မှာ မြန်မာအမျိုးသမီးတွေက ကိုယ်ပိုင်အုပ် ချုပ် ရေးမရရင်တောင်မှ အိန္ဒိယထက်လျှော့တဲ့ အုပ်ချုပ်ရေးမျိုးရဖို့အတွက် ကြိုးစားခဲ့မှုတွေ ရှိပါ တယ်။
၁၉၃၁ခုနှစ် ဧပြီလ(၃)ရက်နေ့မှာရန်ကုန်မြို့ရွှေတိဂုံ ဘုရားလမ်းမှာရှိတဲ့ဗုဒ္ဓဘာသာ ကျောင်းမှာ အမျိုးသမီးအသင်းများအစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ အမျိုးသမီးနေရှင်နယ် ကောင်စီမှအမ်အေ ဒေါ်မြစိန် ။မြန်မာ့ဟိတအသင်းကဒေါ်ချစ် မြန်မာအမျိုးသမီး ကုမ္မာရီအ သင်းက ဒေါ်ခင်ခင် တို့ဟာဗြိတိသျှရဲ့အုပ်ချုပ်ရေးအသစ်နဲ့ပတ်သက်ပြီးဆွေးနွေး တိုင်ပင်ကြပါ တယ်၊ပြိတိသျှ အစိုးရအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးမယ်ဆိုတဲ့ကတိကို ပေးသင့်တယ်။ ဒါ ကိုမပေးဘူးဆိုရင် မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေဟာ အင်္ဂလန်ကိုသွားပြီးအရေး ဆိုသင့် တယ်လို့ ထင်မြင်ကြောင်းအမျိုးသမီးတွေက တင်ပြအကြံပြုမှုတွေရှိပါတယ်။
အဲဒီလို သဘောထားတွေဟာ ရန်ကုန်မြို့မှာ ရှိတဲ့ အမျိုးသမီးတွေရဲ့အဘောထားတွေ နဲ့ တင်မလုံလောက်နိုင်ဘူး တနိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးတွေရဲ့သဘောထားဆန္ဒက သာထိ ရောက်နိုင်မယ်လို့ယူဆကြသူတွေဟာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများ အစည်းအဝေးကို ၁၉၃၁ခုနှစသြရုတ်လ (၂၃)ရက်နေ့မှာရန်ကုန်မြို့မှာရှိတဲ့ ဂျူဗလီဟောမှာ ကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးကြီးကို မြန်မာနိုင်ငံရေးမှာ ထင်ရှားတဲ့အမျိုးသမီးတွေတက်ရောက်ကြပါ တယ်။ ကုမ္မာရီအသင်းဥက္ကဌ ဒေါ်စု၊ဒေါ်မြမေ၊ဒေါ်ထား၊မငွေရင်၊ဒေါ်ဖွားမျှင်၊မသန်းတင်၊ဒေါ်စော တင်၊ ဒေါ်နု၊ဒေါ်မမခင်၊မခင်ညွန့်၊မလှတင်၊ဒေါ်ဖွားရွှေ၊ဒေါ်အေးရီ၊ဒေါ်ဟန်၊ဘီအေဒေါ်မေမေခင်၊ နောင်အခါမှာ ပထမဦးဆုံး လွတ်တော်အမတ် ဖြစ်လာမယ့် ဒေါက်တာဒေါ်ဆောဆ။ပညာအုပ် ဒေါ်မြရွှေ၊ သတင်းစာဆရာမအင်ဒီပင်းဒင့်ဒေါ်စန်း၊ ဒေါ်သိန်း၊ ကောကရိတ်ဒေါ်ကြင်မြိုင်၊ စတဲ့ ထက်မြက်တဲ့ အမျိုးသမီးတွေတက်ရောက်ကြပါတယ်။
ဒီအစည်းအဝေးကြီးကို ဒေါ်စန်းကဖွင့်လှစ်ပြီးဒေါ်မြမေက သဘာပတိ အဖြစ်ဆောင် ရွက်ကြပါတယ်။ အမျိုးသမီးတွေဟာတိုင်းပြည်ရဲ့ အရေးကိစ္စတွေကို အမျိုးသားတွေရဲ့ကိစဏ လို့ သဘောမထားပဲ တိုင်းပြည်အတွက်အသင့်ဖြစ်နေတာကိုတွေမြင့်ရတာမို့ အဲဒီခေတ်က အမျိုး သမီးတွေ နိုင်ငံရေးနိုးကြားမှု ဘယ်လောက်ရှိလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။
ကိုလိုနီဘ၀မှာရှိနေပေမဲ့ မြန်မာအမျိုးသမီးတို့ဟာအဲဒီခေတ်ကတည်းက ကမ္ဘာမှာမြန် မာ အမျိုးသမီးဆိုပြီးရင်ဘောင်တန်းနိုင်နေပြီ ဖြစ်ပါတယ်။အာရှတိုက်လုံးဆိုင်ရာ အမျိုးသမီးအ စည်းအဝေးကြီးကို ဒေါ်မြရွှေ၊ဒေါ်ထား၊မမြစိန် တို့တက်ရောက်နိုင်နေပြီဖြစ်သလို ဆွစ်ဇလန် နိုင်ငံဂျနီဗာမှာ ကျင်းပခဲ့တဲ့နိုင်ငံတကာ အစည်းအဝေးကြီးကို မမြစိန်ကဗြိတိသျှအင်ပါယာ ကို ကိုယ်စားပြုပြီးတက်ရောက်နိုင်တာကိုက မြန်မာအမျိုးသမီးတွေရဲ့ အစွမ်းအစကိုဖေါ်ပြရာ ရောက်နေပါတယ်။ ဒီလိုအစွမ်းအစတွေနဲ့ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်နေတဲ့ အမျိုးသမီးတွေဟာ အမျိုးသမီးအရေးကိစ္စတွေကိုပဲ ဦးစားပေးအာရုံစိုက်တာမျိုးတွေ မရှိပါဘူး။ ကိုလိုနီဘ၀ကျ ရောက်နေတဲ့ မိမိတိုင်းပြည်အတွက် ဘာတွေလုပ်သင့်သလဲဆိုတာ အမြဲတမ်းစဉ်းစားတွေးခေါ် နေတာဖြစ်ပါတယ်။အမြဲတမ်းနားစွင့်နေတာဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးအသစ်အတွက် လန်ဒန်မှာအစည်းအဝေး ကျင်းပမယ်ဆိုတဲ့ သတင်းကြားတဲ့အချိန်မှာ အမျိုးသမီးတွေဟာ မြန်မာအမျိုးသမီးတွေကိုယ်စားလှယ်တက်နိုင်ဖို့ ကြိုးစားကြပါတယ်။
အမျိုးသမီးကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့အတွက် ကော်မတီဖွဲ့ပြီး ဆောင်ရွက်ဖို့ ဘုရင်ခံထံမှာစာရေးပြီးခွင့်တောင်းမယ်ဆိုပြီးဆုံးဖြတ်ကြပါတယ်။အမျိုးသမီးတွေစာရေးတဲ့ အခါ လန်ဒန်က အစည်းအဝေးကိုတက်ဖို့ အမျိုးသမီးတွေကိုခွင့်ပြုဖို့နေနေသာသာဘုရင်ခံက အမျိုး သမီးတွေနဲ့တောင် တွေ့ဆုံဆွေးနွေးဖို့တောင်ခွင့်မပြုနိုင်ပါဘူး။
စာပြန်ရေးတယ်လို့ ၁၉၃၁ခုနှစ်ကထုတ်ဝေတဲ့ သူရိယသတင်းစာမှာရေးသားဖေါ်ပြပါ တယ်။ ဒီလိုတုန့်ပြန်ရုံနဲ့ အမျိုးသမီးတွေက လက်မလျော့ပါဘူး။ဘုရင်ခံကို ဒုတိယအကြိမ် စာ ထပ်ရေးတော့ ဘုရင်ခံကအမျိုးသမီးတွေကိုတွေ့ဆုံခွင့်ပေးဖို့သဘောတူလိုက်ရပါတယ်။ဘုရင်ခံ နဲ့တွေဖို့အတွက် ဘယ်သူတွေသွားခဲ့သလဲ။ သွားတဲ့အခါမှာ အမျိုးသမီးတွေက သူတို့တို့အခွင့် အရေးအတွက် ဘာတွေများ တောင်းဆိုကြမလဲဆိုတာ နောက်တပတ်မှာဆက်လက်တင်ပြ သွားမှာဖြစ်ပါတယ်ရှင်။
အေးမိဖြူ
(၂၉-၆-၀၇)
အမျိုးသမီးတွေ ဘုရင်ခံ ထံမှာတင်ပြတဲ့နောက်တချက်ကတော့ ပြည်လုံးကျွတ်အမျိုးသမီးများ အစည်း အဝေးကြီးကျင်းပပြီးတောင်းဆိုတာကို လိုက်လျောမှုမရှိဘူးဆိုရင်မြန်မာပြည်က အမျိုး သမီးထုကို စော်ကားရာ ကျနေမယ် အန္ဒိယကအမျိုးသမီးတွေကို အသိအမှတ်ပြုပြီဆိုရင် မြန်မာ အမျိုးသမီးတွေရဲ့ တောင်းဆိုချက်ကို လက်မခံနိုင်စရာမရှိဘူး ဆိုပြီးပြောဆိုကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ အိန္ဒိယက အမျိုးသမီးတွေ ပါဝင်ခွင့် ရတယ်ဆိုရင်မြန်မာအမျိုးသမီးတွေ ထဲက အနည်းဆုံးကိုယ်စားလှယ်(၂)ဦးပါခွင့် ရရမယ်၊ မြန်မာအမျိုးသမီး တွေဟာ အသင်းအဖွဲ့ တည်ထောင်ပြီးမြန်မာ့ အရေးကိစ္စတွေကိုဆောင်ရွက်မှုတွေရှိခဲ့သလို အုပ်ချုပ်မှု ဥပဒေကို လေ့လာထားတဲ့ အမျိုးသမီးတွေရှိတဲ့အကြောင်း
တင်ပြကြပါတယ်၊ ဒီလိုတောင်းဆိုရဲ့တဲ့ အမျိုးသမီးတွေ အကြောင်းကိုအဲဒီခေတ်ကထုတ်ဝေတဲ့ သူရိယ သတင်းစာမှာဖေါ်ပြခံရပါတယ်၊ ဒီလိုအမျိုးသမီးတွေရဲ့ အရေး ကိစ္စတွေကို အမြော်အမြင် ရှိရှိ တောင်းဆိုခဲ့တဲ့ ကျမတို့ရဲ့ ညီအမတွေဟာ သမိုင်းမှာအစဉ်အလာကောင်းတွေကို အမွေပေးခဲ့ကြပါတယ်၊ ဒီလိုနဲ့ ဘုရင်ခံ နဲ့ဆွေးနွေးတာတနာရီ ကျော်ကြာပြီးတဲ့နောက် ဘုရင်ခံကတောင်း ဆိုချက်တွေကိုစဉ်းစားပါမယ် ဆိုပြီး ကတိပေးလိုက်ပါတယ်၊ ဒီလို ကတိပေးခဲ့ပေမဲ့ ဗြိတိသျှ အစိုးရကော ဘုရင်ခံကပါ အမျိုးသမီးတွေရဲ့တောင်းဆိုချက်ကို အလေးအနက်မထားပါဘူး၊ ၁၉၃၁ စက်တင်ဘာ၂၈ ရက် နေ့ မှာတော့ ဗြိတိသျှအစိုးရရဲ့မျက်နှာစုံညီ အစည်းအဝေး ကိုမြန်မာပြည်က တက်ခွင့်ရသူ စာရင်းထုတ်ပြန်ရာမှာ မြန်မာအမျိုးသမီးတယောက်မှ မပါတာတွေ့ရပါတယ်၊ စက်တင်ဘာ၂၉ ရက် နေ့ထုတ်သူရိယသတင်းစာမှာ တက်ရောက်ခွင့်ရတဲ့ ကိုယ်စားလှယ် စာရင်းထွက်လာ တော့အမျိုးသမီးတွေဟာ အတော့်ကိုမခံမရပ်နိုင် ဖြစ်ကြပါတယ်၊ ဒီကိစ္စဒီမှာပဲရပ်လိုက်ကြရ အောင်ဆိုပြီး အားလျှော့ကြမယ်ထင်ပါသလား၊ မြန်မာအမျိုးသမီး တွေရဲ့စိတ်ဓါတ်ပြင်းပြပုံက တော့ ပြည်လုံးကျွတ် အမျိုးသမီးအစည်းအဝေးကြီးကိုခေါ်လိုက်ပါတယ်၊ ၁၉၃၁ ခုနှစ်နိုဝင်ဘာ လ ၁၁ရက်နေ့မှာ ရွှေတိဂုံစေတီရဲ့ခြေရင်းတောင်ဖက်စတုဒီတာ ဇရပ်ကြီးမှာအစည်းအဝေး လုပ်ပြီး နန်းရင်းဝင်နဲ့ အိန္ဒယ ဘုရင်ခံချုပ်ထံ ချက်ချင်းသံကြိုးရိုက်ပြီးအမျိုးသမီးတွေ ကိုယ်စားလှယ်ပေးဖို့ကိစ္စကို တုံ့ပြန်ကြပါတယ်၊ ဒီလိုအမျိုးသမီးတွေတောင်းဆို နေချိန်မှာ ကိုယ်စားလှယ်တက်ခွင့်ရတဲ့ အမျိုးသားတွေ ကကန့်ကွက်ခြင်းထောက်ခံခြင်းမရှိပဲ နေတော့ အမျိုးသမီးတွေက အမျိုးသမီးတွေ မပါပဲ အမျိုးသား ကိုယ်စား လှယ်တွေ မတက်ဖို့ ဒေါ်မြမေက မေတ္တာရပ်ခံ ခဲ့ပါတယ်၊ ဒီလို အမျိုးသမီးတွေကဆန္ဒပြနေတော့ မြန်မာ ပြည်ဘုရင်ခံက ဒေါ်မြမေကိုသုံးကြိမ် ခေါ်တွေ့ပြီး ဒေါ်မြမေကိုသွားခွင့်ပေးမယ် တခြားအမျိုးသမီးတွေမသွားရ ဆိုပြီး အကြပ်ကိုင်ပါတယ်၊ ဒေါ်မြမေကအသက် ၇၅ နှစ်ကျော်ပြီးကျန်းမာရေးမကောင်းတာကြောင့် မသွား နိုင်ပါဘူးငြင်းဆိုခဲ့ပါတယ်၊ ဒေါ်မြမေကလွဲရင်တခြားသူကိုမစေလွတ်ဘူးဆိုတာ သက်သက် အကြပ်ကိုင်တာ ဆိုတာကိုလည်းအမျိုးသမီးတွေသိရှိတာကြောင့် အမျိုးသမီးကိုယ် စားလှယ် မပေးရင်နိုင်ငံခြားကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ အဆိုပြုခဲ့ ကြပြန်ပါတယ်၊ အစည်ဝေးသာတက်ခွင့်ရမယ်ဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ရေး သာတောင်းဆိုဖို့ ပြင်ဆင်ထားကြပါ တယ်၊ အမျိုးသမီးကိုယ်စားလှယ် တွေအဖြစ် မင်းကြီးကတော် ဒေါ်မြမေ၊ရေနံချောင်းက ဒေါ်သာ့၊ အမ်အေ ဒေါ်မြစိန်၊တို့ကိုရွေးချယ်ထား ကြပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးအမျိုးသမီး ၁၅ ဦးကိုကော်မတီဝင်တွေအဖြစ်ရွေးချယ်ခဲ့ပြီးပါဝင်သူတွေကတော့ ဒေါ်မြမေ၊ မန္တလေးက ဒေါ်ထား၊ ကြည်မြင်တိုင်က ဒေါ်သိန်း၊အလုံကဒေါ်သိန်းရင်၊ သိမ်ကြီးဈေးက ဒေါ်ကြေးခင် ဒေါ်မြ ၊မအူပင်ကဒေါ်မိကြီး၊လမ်းမတော်က ဒေါ်လှခင်၊ ကြည်မြင်တိုင်က ဒေါ်အိ၊ ဒေါ်မေမေခင်၊ ကန်တော် ကလေး ကဒေါ်ဖွား၊ ဒေါ်လွန်းပြေ တို့ဖြစ်ပါတယ်၊ အမျိုးသမီးတို့ရဲ့တောင်းဆိုမှုတွေဟာ မလျှော့တဲ့ ဇွဲနပဲတွေ ကြောင့် နောက်ဆုံးမှာတော့ ဂျနီဗာကွန်ဖရင့်ကိုတက်နေတဲ့ ဒေါ်မြစိန်ကို တက်ရောက်ခွင့်ပြုလိုက်ရတဲ့ အတွက် အမျိုးသမီးတွေရဲ့တောင်းဆိုမှုဟာ အောင်မြင်မှုရခဲ့ တယ်လို့ ပြောရမှာပါပဲရှင်။
အေးမိဖြူ
Saturday, 16 February 2008
၂၃-၆-၀၇
မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးအသစ်အတွက် လန်ဒန်မှာကျင်းပမဲ့ အစည်းအဝေးကို
တက်နိုင်ရေးအတွက် အမျိုးသမီးတွေ ကြိုးပမ်းကြတာကို အရင်တပတ်က တင်ဆက်ခဲ့ ပြီးဖြစ်ပါတယ်၊ ဒီလိုတက်ရောက်နိုင်ရေးအတွက် ဘုရင်ခံကို အမျိုးသမီးတွေက စာရေး တောင်းဆိုပြီးတဲ့နောက်မှာတော့ ဘုရင်ခံနဲ့ အမျိုးသမီးတွေ ဟာ ဘုရင်ခံရဲ့အိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်၊ အဲဒီကာလကတော့ ၁၉၃၁ ခုနှစ်စက်တင်ဘာလ ၁၆ ရက်နေ့ကပါ၊ ဘုရင်ခံရဲ့အိမ်တော်ကို အမျိုးသမီးအသင်းအဖွဲ့တွေ စုပြီးသွားခဲ့ကြပါတယ်၊
သွားခဲ့ကြတဲ့ အသင်းအဖွဲ့တွေကတော့ မြန်မာအမျိုးသမီး ကုမ္မာရီအသင်း၊မြန်မာ့ဟိတ မိန်းမများအသင်း၊ မြန်မာပြည် မိန်းကလေးကယ်ဆယ်ရေးအသင်းနဲ့ ကုမ္မာရီ အခလွတ် ယက်ကန်းကျောင်းက ကိုယ်စားလှယ်တွေပါဝင်ပါတယ်၊ သွားရောက်ဆွေးနွေးရာမှာ ပါဝင်တဲ့ အမျိုးသမီးတွေက ဒေါ်မြမေ၊ဒေါက်တာဒေါ်စောဆ၊ ဒေါ်မမကြီး၊ဒေါ်လှတင်၊ ဒေါ်စောတင်၊ဒေါ်သိန်း၊ ဒေါ်မိမိကြီး တို့ဖြစ်ပါတယ်၊ အမျိုးသမီးတွေဟာ အချက်၁၃ ချက်ကို တောင်းဆိုကြပါတယ်၊ ဒီထဲမှာပါဝင် တာတွေကတော့ အခွင့်အရေးကို ပေးတဲ့အခါ မိန်းမတွေဟာယောက်ျားတွေနဲ့အတူ တန်းတူရ ထိုက်ကြောင်း၊ လူမျိုးတမျိုးစီရဲ့အကျိုးမှာ မိန်းမတွေရဲ့အခွင့်အရေးကိုအသိအမှတ်ပြုရန်အရေး ကြီးကြောင်း၊ဒီလိုမျက်နှာစုံညီအစည်းအဝေးတွေမှာ အမျိုးသမီးဝင်ရောက်ခွင့်အခွင့် အရေးကို ငြင်းပယ်တယ်ဆိုရင်အခြားဒေသန္တရအဖွဲ့ တွေနဲ့ ဥပဒေပြု အဖွဲ့တွေမှာပါ အမျိုးသမီး တွေ ၀င်ရောက်ခွင့်ကို ဥပက္ခောပြုသလိုဖြစ်လိမ့်မယ်ဆိုပြီး စောဒကတက်ကြပါတယ်၊ ဒီလိုမြန်မာ ပြည်အတွက်သီခြားကျင်းပတဲ့ အစည်းအဝေးတွေကိုသွားရောက်မဲ့အမျိုးသားတွေ နည်းတူ တန်းတူ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေရှိပါတယ်ဆပြီးတင်ပြပြန်ပါတယ်၊ ဒါအပြင်တိုင်း ပြည်အရေးဆောင်ရွက်တဲ့ နေရာမှာဖြစ်စေ၊ ဆွေးနွေးဆုံးဖြတ်တဲ့ကိစ္စရပ်တွေမှာ မြန်မာအမျိုး သမီးတွေဟာ တခြားနိုင်ငံတွေက အမျိုးသမီးတွေနည်းတူ ဆောင်ရွက်နိုင်ခဲ့သာဓကတွေ ထင် ထင်ရှားရှားရှိတယ်ဆိုပြီးတော့လည်း ပြောကြပြန်ပါတယ်၊ အမျိုးသမီးတွေရဲ့အရေးကိစ္စနဲ့ ပတ်သက်တဲ့ အရေးတွေမှာ ဆုံးဖြတ်နိုင်တယ်ဆိုတာကမ္ဘာကတောင် အသိအမှတ်ပြုနေရတဲ့ အချိန်မှာ အမျိုးသမီးတွေရဲ့အရေးကိုထိခိုက်စေနိုင်တဲ့ မြန်မာပြည်အတွက် သီးခြားချတဲ့ဒီ အစည်းအဝေးမှာ အမျိုးသမီးတွေကိုအသိအမှတ်မပြုရင် ရားမျှတမှုရှိမှာ မဟုတ်တဲ့ အပြင် အမျိုးသမီးတွေကို ဆန်ကျင်ရာလည်းရောက်မှာဖြစ်ကြောင်း အတော်လေးကို အရေးဆိုကြ ပါတယ်၊ ဒီတောင်းဆိုမှုတွေဟာ ခေတ်နဲ့ပြန်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ နိုင်ငံရေး သဘောတရားတွေ အမျိုးသမီးအရေးအပေါ် ထင်မြင်ယူဆချက်တွေဟာ စားကောင်းသောက်
အောင် တောင်းဆိုနေတာမဟုတ်ဘူးဆိုတာ ထင်ရှားလှပါတယ်၊ ဒါတင်မကသေးပါဘူး၊ အမျိုး သမီးတွေဟာ သူတို့အချင်းချင်းညီညွတ်စည်းရုံးမှုကိုလည်း ပြသနိုင်ခဲ့ပါတယ်၊သိတဲ့အတိုင်းပါပဲ အမျိုးသမီးဆိုတာ နှစ်ယောက်ရှိရင်တောင်မှ သဘောထားကသုံးပိုင်းကွဲတယ်ဆိုတာမျိုးတ ယောက်ထဲရှိရင်တောင်မှန် နဲ့ရန်ဖြစ်တယ်ဆိုတာမျိုးတွေကဲ့ရဲ့ခံရတဲ့ အစဉ်အလာတွေ ဖြစ်နေချိန်မှာ မျက်နှာစုံညီ အစည်းအဝေးမှာ တညီတည်းတသံတည်းဖြစ်အောင်အမျိုးသမီး တွေကဆောင်ရွက်နိုင်တဲ့အကြောင်း ကြွေးကြော်လိုက်ပါတယ်၊ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးအ သစ်ကို ရေးသားကြတဲ့ အခါ အမျိုးသမီးတွေကပါဝင်ဆွေးနွေးနိုင်ခွင့်မရဘူးဆိုရင် မည်သည့် အုပ်ချုပ်ရေးကိုမဆို အမျိုးသမီးတွေကလက်ခံဖို့ ခဲယဉ်းလိမ့်မယ်ဆိုပြီး ပြတ်ပြတ်သားသားဆို လိုက်ပါတယ်၊ အမျိုးသမီးတွေဟာတိုင်းပြည်ရဲ့ လူဦးရေရဲ့ တ၀က်ကျော်ရှိတာကြောင့်တိုင်း ပြည်ရဲ့ ဥပဒေမူကြမ်းကိုလက်ခံမယ်ဆိုရင် အများစုကလက်ခံဖို့ လမ်းကြောင်းတခုဖြစ်လာ မည် ဖြစ်ကြောင်းတင်ပြကြပါတယ်၊ နောက်တပတ်မှာတော့အမျိုးသမီးတွေ ဘယ်လောက်ထိအရေး ဆို ခဲ့ရသလဲဆိုတာနဲ့ အမျိုးသမီးတွေရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေ အောင်မြင်မှုရခဲ့ပါသလား ဆိုတဲ့အမေးကိုမေးနေတဲ့သောတရှင်တွေအတွက်ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်ရှင်။
အေးးမိဖြူ
ကိုလိုနီခေတ်တိုက်ပွဲဝင် မြန်မာအမျိုးသမီးများ …….
၂၇.၅.၀၇
မြန်မာနိုင်ငံက အမျိုးသမီးတွေ နိုင်ငံရဲ့အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာပါဝင်ခွင့် တွေ အမျိုးသမီးတွေ ဥပဒေပြုလွှတ်တော်မှာ ပါဝင်ခွင့်တွေ ပြောရေးဆိုခွင့် အရေးပါတဲ့ နေရာ မှာ ပါဝင်ခွင့်တွေကို ကိုလိုနီကျွန်ဘ၀ မှာကတည်းက တောင်းဆိုကြတာကို တွေ့ရပါတယ်။
ကိုလိုနီခေတ်က မြို့သူတွေ အဆုံးနိုင်ငံရေး ဆိုတာကို မိမိတို့နဲ့ မသက်ဆိုင်ဘူးလို့ ယူဆသူနည်းပါးပါတယ်။ လူတန်းစားအသီးသီး အလွှာမရွေး နိုင်ငံရေးမှာပါဝင်ကြဖို့ အသင့် ရှိကြပါတယ်။ အဲဒီအချိန်တုန်းက အမျိုးသမီးတွေဟာ မြူနီစပယ်အဖွဲ့ဝင် အဖြစ်လောက်သာ ရွေးချယ်ခွင့်ရှိပြီး ဥပဒေပြုလွှတ်တော်မှာ အမတ်အဖြစ်ပါဝင်အရွေးခံခွင့် မဲပေးခွင့်မရရှိခဲ့ပါဘူး။ ကိုလိုနီခေတ်မှာ အမျိုးသမီးတွေအပေါ် ချိုးနှိမ်မှုတခုလို့ပြောလို့ရပါတယ်။ ၁၉၂၇ခုနှစ် မှာတော့ မြန်မာအမျိုးသမီးတွေဟာ ဥပဒေပြုလွှတ်တော်မှာ မဲရွေးချယ်ခွင့်ရရေးအတွက် အုံကြွလာ ပါတယ်။ အဲဒီအချိန်က ဥပဒေပြုလွှတ်တော်မှာ အမျိုးသမီးတွေ ၀င်ရောက်အရွေးချယ်ခံခွင့်မရှိ ဘူးဆိုတဲ့ ဥပဒေကို ပယ်ဖျက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီလို ကြိုးစားကြတဲ့ အမျိုးသမီးတွေက တော့ မမြစိန်၊ မသန်းတင်၊ သတင်းစာဆရာမမစန်း အပါအ၀င် ခေတ်ပညာတတ်အမျိုးသမီး တွေပဲဖြစ်ပါတယ်။
လှုပ်ရှားမှုကို စတင်အကောင်အထည်ဖော်တာကတော့ ၁၉၂၇ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ပါ။ အမျိုးသမီးတွေစုပြီး လက်ကမ်းကြော်ငြာ စတင်ထုတ်ဝေခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာတော့ ဒေးလီးနယူးသတင်းစာကနေ လက်ကမ်းကြော်ငြာ ကိုထည့်ပေးခဲ့ပါတယ်။ ဒီကြော်ငြာစာမှာတော့ ဖေဖေါ်ဝါရီလ(၃)ရက်နေ့မှာ ဥပဒေပြုလွှတ်တော်မှာ သာယာဝတီဦးပု က အမျိုးသမီးတွေ အမတ်ရွေးချယ်ခွင့်မရှိတဲ့ ဥပဒေကို ပယ်ဖျက်ဖို့ အဆိုတင်သွင်းလိမ့်မယ်၊ လွှတ်တော်မှာ စကားအခြေအတင် ဆွေးနွေးပွဲကို နားထောင်ချင်ရင် မြူနီစပယ်ကော်ပရေးရှင်း ခန်းမကိုလာကြဖို့ နှိုးဆော်ထားပါတယ်။ အမျိုးသမီးတွေဟာမဲရွေးချယ်ရရှိရေးအတွက် တောင်း ဆိုဆန္ဒပြဖို့ စီစဉ်ကြပါတယ်။ နီးစပ်ရာအမျိုးသမီး ၁၀၀ ကျော်ကိုစည်းရုံး မိချိန်မှာတော့ နယ်ချဲ့အစိုးရဘက်ကနေ ပုလိပ်တွေသုံးပြီး လိုက်လံတားမြစ်ခဲ့ပါတယ်။ ခြိမ်းခြောက်မှုတွေသုံး ပြီးတားမြစ်ခဲ့ပေမဲ့လည်း အမျိုးသမီးတွေကတော့ သူတို့ရဲ့ အစီအစဉ်ကို ဆက်လက် အကောင် အထည်ဖော်ခဲ့ပါတယ်။
ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာတော့ အမျိုးသမီးတွေဟာ အလံများ၊ စာတမ်းများကိုင် ဆောင်ပြီး ကြွေးကြော်သံများနဲ့ ဥပဒေပြုလွှတ်တော်ကို ချီတက်လာတဲ့ အမျိုးသမီးအုပ်စုကြီး အဖြစ် မြင်တွေ့ရပါတယ်။ အမျိုးသမီးတွေ ဘာတွေကြွေးကြော်သလဲ ဆိုတော့ မိန်းမတွေမ ကြောက်ကြနဲ့။ အတွင်းဝင်ရုံးကိုမိန်းမများမ၀င်ရဆိုပြီးအမိန့်ထုတ်ထားတယ်။ မြန်မာအမျိုးသမီး တွေနိုးကြားကြပါ။ ဗြိတိသျှပါလီမန်မှာ မိန်းမတွေ အမတ်ဖြစ်နေပြီ။ ဆိုပြီးကြွေးကြော် အော် ဟစ်ကြပါတယ်။ သူတို့စီတန်းချီတက်အော်ဟစ်ခဲ့တဲ့ လမ်းတွေကတော့ သိမ်ဖြူလမ်း၊ အနော် ရထာလမ်း၊ ဗိုလ်အောင်ကျော်လမ်းတလျှောက် ဖြစ်ပါတယ်။ အာဏာပိုင်တွေဟာ အမျိုးသမီး တွေကို နှိမ်နင်းဖို့အတွက် အတွင်းဝန်ရုံးကို မြင်းစီးပုလိပ် များချထားပါတယ်။ ၀င်ပေါက်တံခါး တွေကိုလည်း သံကြိုးများနဲ့ အခိုင်အမာချည်ပြီး သော့ခတ်ထားပါတယ်။ အမျိုးသမီးတွေက အ တွင်းဝန်ရုံးကို ၀င်မရတဲ့အဆုံးမှာ လှည့်ပတ်ဆန္ဒပြခဲ့ကြပါတယ်။ အတွင်းဝန်ရုံးထဲမှာလည်း သာ ယာဝတီဦးပုကအမျိုးသမီးတွေအတွက် အဆိုတင်သွင်းခဲ့ပါတယ်။ ဦးပုရဲ့တင်သွင်းချက်ကြောင့် ထောက်ခံသူ ၃၁ မဲရရှိပေမဲ့ ကန့်ကွက်သူ ၃၆ ဦးကြောင့်အမျိုးသမီးတွေရဲ့ဆန္ဒမပြည့်ဝခဲ့ပါဘူး။
နောက်ပိုင်းမှာတော့ ဇွဲရှိတဲ့ အမျိုးသမီးတွေကြောင့် ၂ နှစ်အကြာ ၁၉၂၉ ခုနှစ်မှာ တော့ ပထမဦးဆုံး ဥပဒေပြုလွှတ်တော်မှာ အမျိုးသမီးအမတ်အဖြစ် မော်လမြိုင်က မနှင်းမြက အရွေးခံခဲ့ရပါတယ်။ အမျိုးသမီးတွေ များများစားစား အရွေးမခံရပေမဲ့လည်း အမျိုးသမီးတွေရဲ့ တောင်းဆိုမှုကို လှစ်လျူရှုလို့ မရဘူးဆိုတာ ပြသရာရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အမျိုးသမီးတွေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထွက်ပေါ်လာခဲ့တာမို့ ကိုလိုနီခေတ်ကစခဲ့တဲ့ လွှတ်တော်မှာ အမျိုးသမီးတွေ အရွေးချယ်ခံခွင့်ရရှိရေး တိုက်ပွဲဟာ အောင်မြင်တယ်လို့ ပြောရမှာ ပါပဲရှင်။
အေးမိဖြူ
Tuesday, 12 February 2008
၀၁-၆-၀၇
ခေတ်ပညာတတ် အမျိုးသမီးတွေက အမျိုးသမီးတွေရဲ့အခွင့်အရေးအတွက် ဥပဒေပြုကောင်စီမှာ အမတ်အဖြစ် အရွေးခံခွင့်ရရေး တိုက်ပွဲဝင်နေချိန်မှာ ကျေးလက် တောရွာက အမျိုးသမီးတွေကတော့ နယ်ချဲ့အစိုးရရဲ့ ဖိနှိပ်မှုနဲ့ အရင်းရှင်တို့ရဲ့ ဂုတ်သွေးစုပ်မှု ကို အလူးအလဲခံနေရပါတယ်၊ ဒီတော့ တောင်သူလယ်သမားများ အရေးတော်ပုံဟာအား ကောင်းတဲ့ နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲကြီးလို့ ပြောရင် မမှားပါဘူး။ ဒီပွဲမှာ အမျိုးသမီးတွေ ဘယ်လိုများ ပါဝင်လှုပ်ရှားခဲ့သလဲဆိုတာတင်ပြသွားပါမယ်
ကျမတို့ရဲ့ တောင်သူဦးကြီးတွေဟာ နယ်ချဲ့အစိုးရရဲ့ဥပဒေနဲ့ ဖိနှိပ်မှုအာဏာနဲ့ တားမြစ်မှု စီးပွားရေးအရ နလံမထူနိုင်အောင် ရိုက်နှက်ချိုးနှိမ်ထားမှုတွေကို အမျိုးမျိုး ခံစားခဲ့ရပါတယ်၊
အဲဒီအချိန်က အိန္ဒိယတိုင်းရင်းသားငွေရှင် ချစ်တီးတွေက မြန်မာလယ်သမားတွေကို အတိုးကြီးကြီးနဲ့ ငွေချေးတယ်။ ချေးငွေကို စပါးနဲ့ ဆပ်ခိုင်းတယ်။ စပါးမပေးနိုင်ရင် လယ်သိမ်း တယ်။ ဒါတင်မကသေးပါဘူး။ လယ်သမားတွေရဲ့သမီးပျိုတွေကိုပါ အကြွေးနဲ့ သိမ်းကြပါ တယ်၊
အဲဒီအချိန်က အကြွေးမပေးနိုင်လို့ ချစ်တီးမယားလုပ်ခဲ့ရတဲ့ မြန်မာအမျိုးသမီးလေး တွေ အများအပြားရှိခဲ့ပါတယ်၊ တောင်သူလယ်သမားတွေအတွက် အရင်းရှင်အစိုးရက ထုတ် ချေးတဲ့ အမတော်ကြေးက မလုံလောက်။ လယ်သမားတွေက ဒုက္ခပင်လယ်ဝေ ဒီအချိန်မှာ နယ်ချဲ့လက်ပါးစေတွေက လယ်ခွန်ကောက်။ လူခွန်ကောက်ဆိုတော့ လယ်သမားဒုက္ခတွေ များခဲ့တာပေါ့၊
အခွန်မပေးနိုင်သူတွေက စော်ကားခံရတယ်။ လယ်ယာအိုးအိမ်ပပစ္စည်းတွေက အဓမ္မ သိမ်းယူခံရတယ်၊ ဒီအခြေအနေမျိုးမှာ တောင်သူလယ်သမားတွေက သစ်၊ ၀ါး၊ ထင်းခုတ် ယူခွင့်၊ ငါးဖမ်းခွင့် သက္ကယ်ရိတ်လုပ်ငန်းတွေကလည်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်မရပါဘူး၊ အဲဒီခေတ်ကာလက အဖြစ်အပျက်တွေဟာ ဒီကနေ့ ဖြစ်နေတဲ့ စစ်အာဏာရှင်ခေတ်နဲ့ ခပ်ဆင်ဆင်တူတာတွေကို ကျမတို့ တွေ့မြင်နေရပါတယ်၊ ဟိုတုန်းကတော့ တိုင်းတပါး နယ်ချဲ့ နဲ့နယ်ချဲ့လက်ပါးစေနဲ့ အလိုရိတွေ အခုခေတ်မှာတော့ စစ်အာဏာရှင်နဲ့ သူ့ရဲ့လက်ပါးစေ ကြံ့ဖွတ်တွေ။ စွမ်းအားရှင်တွေ။ ကျမတို့ရဲ့အဖိုးအဖွားတွေလိုမျိုး။ ကျမတို့ခေတ်မှာလည်း ခေတ်စနစ်ဆိုးကို ရင်ဆိုင်နေရပါတယ်၊
နယ်ချဲ့ခေတ်က တောင်ယာလုပ်။ ဓါးမခုတ်ဘ၀နဲ့ နေလာရပေမဲ့ ဖိနှိပ်ခံရတဲ့အခါမှာ အမျိုးသမီးတွေဟာကုမ္မာရီအသင်းသူတွေ ဘူးအသင်းဝင်တွေ ဖြစ်လာကြပါတယ်၊
တောင်သူလယ်သမားတွေကို လူခွန်ကောက်။ လယ်ခွန်တွေကောက်ပြီး နယ်ချဲ့တွေက နှိပ်စက်နေတော့ အမျိုးသမီးတွေက လယ်ခွန်။ လူခွန်မပေးရေး တရားပွဲတွေကို မြို့ရွာအလိုက် ဟောပြောစည်းရုံးကြပါတယ်၊
အဲဒီအချိန်တုန်းက သုံးဆယ်မြို့နယ်၊ ငါးဖြူကလေးရွာက ဒေါ်စိန်ပွင့်၊ ဒေါ်စော၊ ဒေါ်ငွေခင်၊ ဒေါ်အေးညွန့်ဆိုတဲ့ အမျိုးသမီးကြီးတွေ ခေါင်းဆောင်တဲ့ ၀ံသာနု ကုမ္မာရီအသင်း သူတွေဟာ ကညင်တပင်ရွာကို တရားဟောဖို့အသွားမှာ အခွန်ကောက်ဖို့လာတဲ့ မြို့ပိုင်တွေ၊ စစ်ပုလိပ်တွေနဲ့ လမ်းမှာဆုံကြပါတယ်။ ဒီအခါမှာ အမျိုးသမီးတွေကို စစ်ပုလိပ်တွေက လှောင်ပြောင်ကြပါတယ်။ ဒီလို လှောင်ပြောင်မှုကို ဒေါ်စိန်ပွင့်က သီးမခံဘဲ မြင်းစီးလာတဲ့ ပုလိပ်ကို မိမိစီးလာတဲ့ ဖိနပ်နဲ့ ရိုက်ခဲ့တဲ့အထိ သတ္တိရှိတဲ့ အမျိုးသမီးအဖြစ် တွေ့ရပါတယ်၊
ဒီလိုလုပ်ခဲ့တဲ့ ဒေါ်စိန်ပွင့်ကို ၀တ္တရားနှောင့်ရှက်မှု။ အစိုးရအကြည်ညိုပျက်အောင် ဟောပြောမှု နဲ့ ဖမ်းဆီးထောင်ဒဏ်တလခွဲ (သို့) ဒဏ်ငွေဆောင်ဖို့ အမိန့်ချခဲ့ပါတယ်၊ ဒေါ်စိန်ပွင့်က ဒဏ် ငွေမဆောင်ဘဲ ထောင်ကျခံခဲ့ပါတယ်၊
နောက်အမျိုးသမီးတဦးကတော့ သာယာဝတီခရိုင် အင်းရွာအလယ်စုက ကရင်အမျိုးသမီး နော်ဒိုးဒိုး (ခ) မငြိမ်းလှပါ၊ နော်ဒိုးဒိုးဟာ အင်းရွာအလယ်စု၊ အုန်းပင်စု စတဲ့ရွာတွေရဲ့ကုမ္မာရီ ခေါင်းဆောင်တဦးဖြစ်ပါတယ်။
သူက တရားဟောတဲ့အ ခါမှာ ကျမတို့ဟာ တောင်သူလယ်သမားများဖြစ်ပါတယ်။ တောင်သူ လယ်သမားဆိုတာ ကျွဲနွားရှိမှ လုပ်ကိုင်စားသောက်လို့ရပါတယ်၊ နယ်ချဲ့အစိုးရဟာ ကျမတို့ ရဲ့ကျွဲတွေ။ နွားတွေကို သိမ်းသွားပြီး ဒီတော့ ကျမတို့ အနေနဲ့ အရပ်ထဲက ဆယ်အိမ်ခေါင်းက စပြီးဘုရင်ခံအထိ နဖားကြိုးထိုးပြီးလယ်ထွန်ခိုင်းရပါတော့မယ်၊ ဒါပဲ ကျမတို့မှာ လုပ်စရာရှိပါ တော့တယ်လို့ သူမက တရားဟောတော့ လယ်သမားထုကြီးက လက်ခုတ်လက်ဝါးတီးပြီး အားပေးကြပါတယ်၊ ဒီလိုတရားဟောဒါကြောင့် နော်ဒိုးဒိုးရဲ့အိမ်ကပပစ္စည်းမှန်သမျှ နယ်ချဲ့ တွေကသိမ်းယူပစ်ကြပါတယ်၊ ဒါကတော့ တောင်သူလယ်သမားတွေထဲမှာလည်း ဒီလိုသတ္တိ ရှိတဲ့ အမျိုးကိုချစ်တဲ့။ သူ့ကျွန်မခံလိုတဲ့ အမျိုးသမီးတွေ အများအပြားရှိတယ်ဆိုတာ ခေတ် သမိုင်းတွေအရ သိရှိရပါတယ်ရှင်၊
အေးမိဖြူ
